အမာရွတ်တွေနဲ့ အဆုတ်မှာ ဖြစ်လာတဲ့အခါ
ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာ အမာရွတ်ဖြစ်နိုင်သလိုပဲ အဆုတ်မှာလည်း အမာရွတ်တွေ ဖြစ်နိုင်ပါတယ်။ အရေပြားပေါ်က အမာရွတ်က ပုံမှန်ပြန်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အဆုတ်မှာ အမာရွတ်တွေ ဖြစ်လာတဲ့အခါ အဆုတ်တစ်ရှူးတွေက ပုံမှန် ပြန်မဖြစ်နိုင်တော့ပါဘူး။
အဆုတ်ထဲမှာ ဇာကဲ့သို့ ပါးလွှာတဲ့ နံရံတွေရှိတဲ့ Alveoli လို့ခေါ်တဲ့ လေအိတ်ငယ်လေးတွေ သန်းပေါင်းများစွာ ရှိပါတယ်။ လေအိတ်ငယ်လေးတွေဟာ အောက်ဆီဂျင်ကို ခန္ဓာကိုယ်တစ်ခုလုံးကို ပို့ဆောင်ဖို့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ပြန်လည်စွန့်ထုတ်ဖို့ အဓိကလုပ်ဆောင်ပေးတဲ့ နေရာပါ။
အသက်ရှူသွင်းလိုက်တဲ့အခါမှာ လေအိတ်ငယ်လေးတွေက ဖောင်းကားလာပြီး အဆုတ်တွေက ကျယ်ပြန့်လာကာ အောက်ဆီဂျင်တွေ ရယူပြီး သွေးကြောတွေကတဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို ပို့ဆောင်ပေးပါတယ်။ အဆုတ်မှာ အမာရွတ်ဖြစ်တဲ့အခါ လေအိတ်ငယ်လေးတွေဟာ ပါးလွှာခြင်း မရှိတော့ဘဲ မာကျောပြီး ထူလာတဲ့အတွက် ဖောင်းကားနိုင်ခြင်း မရှိတော့သလို အောက်ဆီဂျင်တွေကိုလည်း လုံလောက်အောင် ရယူပို့ဆောက်ပေးနိုင်ခြင်း မရှိတော့ပါဘူး။
အဆုတ်မှာ အမာရွတ်ဖြစ်တာကို Pulmonary Fibrosis လို့ခေါပြီး
- နာတာရှည် ချောင်းခြောက်ဆိုးတာ
- အသက်ရှူမဝတာ
- လှုပ်ရှားရင် မောတာ၊ ကြာလာတဲ့အခါ နားနေရင်လည်း မောလာတာတွေ ဖြစ်နိုင်ပါတယ်။
ဘာကြောင့် ဖြစ်ရတာလဲ?
- ကျောက်ဂွမ်း၊ ကျောက်မီးသွေးနဲ့ ဆီလီကာလို အဆိပ်အမှုန့်တွေ အမြဲရှူနေရတဲ့ မိုင်းတွင်းနဲ့ အလုပ်ခွင်တွေမှာ ကြာရှည်လုပ်နေရတာ
- Amiodarone, Bleomycin, Nitrofurantoin လို ဆေးတွေ ကြာရှည်စွဲသောက်နေရတဲ့အတွက် ဘေးထွက်ဆိုးကျိုးဖြစ်တာ
- အလုပ် သို့မဟုတ် အိမ်မှာ ရှိတတ်တဲ့ မှိုပိုးတွေ ရှူရှိုက်မိခြင်းကြောင့် နာတာရှည်အဆုတ်ရောင်တာ
- သွေးလေးဖကိနာ၊ အရေပြားလေးဖက်နာ၊ အဆစ်ရောင်ရောဂါနဲ့ Sjogren's Syndrome တို့လို့ ကိုယ်ခံအားစနစ်ချို့ယွင်းတဲ့ Autoimmune Diseases တွေ ရှိတာတွေကြောင့် အဆုတ်မှာ အမာရွတ်တွေ ဖြစ်လာနိုင်ပါတယ်။
အမာရွတ်တွေက ပုံမှန်ပြန်မဖြစ်နိုင်တော့တဲ့အတွက် နောက်ထပ်အမာရွတ်တွေ တိုးမလာစေဖို့နဲ့ ကျန်းမာပြီး ရောဂါလက္ခဏာတွေ သက်သာနိုင်ဖို့က အဓိကပါ။
- အောက်ဆီဂျင်ရှူတာ
- အသက်ရှူလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်တာ
- နေထိုင်စားသောက်မှု ပုံစံပြောင်းတာနဲ့
- အဆုတ်အစားထိုးကုသမှု ခံယူတာတွေက အမာရွတ်နဲ့ အဆုတ်အတွက် ကုသမှုတွေ ဖြစ်ပါတယ်။
ပေါ့ပေါ့ဆဆ နေလို့မရတဲ့ ရောဂါဖြစ်လို့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အမြဲတိုင်ပင်နေဖို့ လိုသလို ကျန်းမာရေးနဲ့ညီအောင် နေထိုင်စားသောက်ပါမှ အမာရွတ်တွေရှိတဲ့ အဆုတ်နဲ့ အတူယှဥ်တွဲနေလို့ ရပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်